Tuesday, September 24, 2013

- ရှင့် ကဗျာဆရာ -


သူ့နားကပ်ပြီး
စပ်စမ်း ကဗျာတစ်ပုဒ်လောက်။

သူက ပြုံး၍
ကုန်းကာလှမ်းခူး၊ ရွက်စိမ်းဆူးနီ
အဖူးကြမ်းကြမ်း၊ တောရိုင်းပန်းလို
နမ်းလိုက်သည်နှင့်၊ ချက်ချင်းပွင့်လာ
ပုလဲဝါ၀ါ၊ သဇင်လွှာသို့ပြောင်းလဲသွား၏ ။
“ကဗျာစပ်လေ
ထပ်ဖို့ကာရန်၊ အသံရှာလေ
စာလုံးစက္ကူ၊ ခဲတံယူလေ”။

သူထွက်သွားပြီး
မြိုင်ကြားကျောက်စက်၊ ရေတစ်စက်ကို
လက်နှင့်တောက်ရာ၊ စိပ်စိပ်ဖွာပြီး
ဆပ်ပြာပူဖောင်း၊ အဖြစ်ပြောင်းသွား
ကောင်းကင်သို့လွင့်၊ အရောင်ရင့်လာ
တိမ်နှင့်ငြိတွယ်၊ ကြယ်တွေဖြစ်သွား
မျက်မှောင်ကုပ်မိ
“ဘာလုပ်နေတာလဲကွယ်”။

သူ တိတ်ဆိတ်စွာ
ရိပ်ပြောက်မြက်ခင်း၊ လေဟင်းလင်းမှာ
သက်ပြင်းညင်သာ၊ မောဖြေလာသည်
ကဗျာမစပ်တတ်ဘူးလား။       ။

ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၉

- လူမသိသော ကဗျာ -


ကဗျာမဖွဲ့တာဖြင့်
ကြာခဲ့ပြီကောရယ်လို့
ပိတောက်ရွှေ ဝေတဲ့တောဆီက
တငင်ငင် ဥရွှေသြစဉ်မှ
တဆိတ်ဆို စိတ်ကို မောအောင်ရှင့်
ပြောလာတဲ့ တစ်ယောက်သောသူ။

သြော်မောင်မသိလေဘု
ယောင်တိယောင်တောင်နဲ့
ညဥ့်မှောင်မှောင် လရောင်မ၀င်းသော်လည်း
ငွေစံပယ် ရွှေကြယ်လင်းရှာငဲ့
သီချင်းတကြော်ကြော်နဲ့
သြော် အော်မဆုံးခဲ့ပါဘု
ပျော်တုန်းကို ဆူ။

သည်တစ်ပုဒ်ကိုတော့
ဆုတ်ပစ်မယ် ဘယ်နှမြောပါဘု
ပေါလှတယ် ဟိုတစ်ပုဒ်
မကြိုက်ပေါင် ချေလို့လုံးတယ်တော့်
ချစ်စရာ ကာရန်သုံးကာဖြင့်
အလင်္ကာ ပီပြင်ဆုံးကိုမှ
နှလုံး၌ ကပ်လို့မြှူ
ပူပင်အုံ့တနွေး။

တစ်နွေကူးမယ်လို့
နှစ်ဦးအသာလှယ်တော့ကို
စိန်ပန်းနီနီခြယ်သမို့
စိတ်ငယ်သူ အပူကြွချိန်မှ
ဆိုခဲ့တယ် သူက
ဘ၀တိုတို လျှောက်ချင်သတဲ့
ဘယ်မြေပုံ မှုန်ဆီရောက်ရှာလို့
နှင်းဆီပင် တစ်ပင်ပေါက်ပြီလား
ပျို့ကဗျာ အိပ်ရာအောက်ကယ်က
ပျောက်ခဲ့ပြီလေး။        ။

ကြည်အေး

ရှုမ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၂

- ဟန်ဆောင်သူများ -


သည်ဘက်စွန်း၌
နစ်မွန်းပျော်ပါး၊ ငါ ၀ံ့စားစွ
လင်သားအိမ်ထောင်၊ ကျပ်တည်းနှောင်လည်း
ဟန်ဆောင်နှုတ်မှ
ဗုဒ္ဓ၏လမ်း၊ လွတ်မြောက်နန်းသို့
ဖြတ်သန်းလိုပါ၊ တစာစာလျှင်
မုသာဝါဒ၊ စကားမဆိုချင်။

ဟိုဘက်စွန်းသို့
ပြတ်ရွှန်းလှမ်းခို၊ သွားရောက်လိုဟန်
ခိုတွယ်အားထား၊ ဘုရား တရား
စကားမျှပင်၊ ကျင်လည်သည်မှာ
လူ့ဘာသာမှ၊ တစ်ဝါရှောင်ရုံ
တစ်ချုံကွယ်လျှိုး၊ သစ်ဝါးတိုးဟန်
ပြန်လာခေါက်ခေါက်၊ ဟိုသည်နှောက်၏
လွတ်မြောက်တကယ်၊ စွန့်ပယ်ဝံ့သူ
သည်မူ မဟုတ်နိုင်တကား။

ငါစွန့်ခွာလျှင်
ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့
အို . . . သူမြတ်တို့
မလွတ်မြောက်ခင်
ခုံမင်မြူးကြွ၊ လူ့ဘ၀နှင့်
ခဏမြင်ဖူး၊ အသိထူးပြား
ကူးလူးချင်၍
ရှင်သန်ပါရမီ၊ ဖြည့်တင်းသည်ဟု
ယုံကြည်လိုက၊ ယုံကြည်ကြစေ
အရိယဟု၊ အတ္တပြတ်ဟန်
ကြောက်ဖွယ်ဖန်လာ
မာန်မာနသာ၊ ကင်းပစေရှင့်။   ။

ကြည်အေး

ရှုမ၀မဂ္ဂဇင်း၊ ဇူလိုင် ၊ ၁၉၇၁

(ဤကဗျာကို ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလထုတ် ရှုမ၀မဂ္ဂဇင်းတွင် “စွန့်ဝံ့သည်” အမည်ဖြင့် ထပ်မံ ဖော်ပြခဲ့ဖူးပါသည်။)

                                                       




- မျက်လုံးတာရာ -


မည်းကော့မျက်တောင်၊ ညအမှောင်ဝယ်
မြရောင်အဟပ်၊ ရောင်စုံစပ်၍
ဖျပ်ဖျပ်ပြိုးပြက်၊ တခဲနက်မျှ
ဝင်းလက်မည်လို၊ ထိန်မည်လိုနှင့်
ဆိုငိုမတန့်၊ ဆန့်တငံ့လျှင်
မဆန့်အာသာ၊ မပြေလာအောင်
တာရာမလင်း၊ ထိန်မ၀င်းခဲ့
ရုတ်ခြည်းဖိတ်ဖိတ်၊ ရုတ်ခြည်းမှိတ်သို့
ချစ်စိတ်လွှမ်းဖုံး၊ ကြော့မျက်လုံးလျှင်
နှလုံးစာနာ၊ တည်မေတ္တာနှင့်
ချစ်မှာလိုလို၊ သစ္စာဆိုလို့
ရွှင်ချိုဝင်းပ၊ ပြုံးရာကလျှင်
မုန်းလှသည့်ပုံ၊ ညှိုးပြန်တုံ၏
မှုန်ကာသာကာ၊ မှုန်သာကာတည့်
တာရာမျက်လုံး၊ မြတနှုန်းသည်
အပြုံးတစ်ချက်၊ မုန်းတစ်ချက်
မလက်ပြန်ချည်၊ လက်ပြန်ချည်။         ။


ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၆
သြဂုတ်၊ ၁၉၄၇

- အနုပညာကျွန်း -

ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော၊ လှေအမျောမှာ
တယောလဲ့လဲ့၊ တီးတိုးနွဲ့ရင်း
ဆိုဖွဲ့သီချင်း၊ ဖြည်းညှဉ်းညည်းဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။

အဲသည်မှာလေ
စာပေကိုဖတ်၊ ကဗျာစပ်လိုက်
ဆောက်အပ်တွေစု၊ ရုပ်တုထုလိုက်
နုရင့်ရောင်တွဲ၊ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။

နေရစ်တော့နော်
ကြော့ကြော့ကလေး၊ လအေးအေးအောက်
ငှက်တေးသံညင်၊ မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ်။     ။

ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၂၇


- အို လွမ်းသူရယ် -

အို လွမ်းသူရယ်
ပြုံးမူပျက်၍၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့်၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည်နှယ်၊ တအားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း။

ပြတင်း၀၀ယ်
ငြိမ်လှလွန်းသည်၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင်၊ စိမ်းယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား။      ။
ရင်မှပွင့်သည့်
ကြောက်ချင့်စဖွယ် သက်ပြင်းများ။       ။
လေ၀ယ်လွင့်သည့်
ညိုရင့်ဆံပင် ရွှေမျှင်လှိုင်း။       ။

သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည်၊ လှုပ်ရှားသည်တည့်၊
အို လွမ်းသူရယ်
ပူသည်ကို ဖျောက်၊ ကြောက်သည်ကိုပယ်
စိတ်ဝယ်မလျှော့၊ စောင့်ဦးတော့လော့။

တစ်နေ့နေ့မှာ
တွေ့မည်ရွှင်ချို၊ သခင်ကိုတည့်
မေ့ကိုမုန်းထား၊ အဝေးသွားလည်း
လွင့်ပါးမရှည်၊ ပြန်ခဲ့သည်က
စောင့်သည်တွေ့မူ၊ ချစ်စိတ်ဆူနှင့်
လွမ်းသူရှေ့မှောက်၊ သူဒူးထောက်လိမ့်။

သည်အခါမှာ
ကြာနှုတ်အပြုံး၊ ဖြူနှလုံးနှင့်
မရုန်းမပယ်၊ ငိုတရယ်လျှင်
စင်ကြယ်ခွင့်လွှတ်၊ ချစ်သက်မှတ်ကို
ကြည်ညွတ်ချဝန်၊ သခင် ပန်က
ပြန်လည်လိုလိုက်၊ ချစ်သူမိုက်ကို
ထွေးပိုက်ပါယူ၊ အို လွမ်းသူရယ်။         ။

ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၆

- အငြင်း -

“ဝေဟင်မှာ ရွှေမင်ပြောက်
ကြယ်အတောက် ကြယ်အပြောင်
ရေတွက်ရအောင်။
ကြယ်ပွင့်ကုန်အောင်
မယ်မောင်ချစ်တမ်း” လို့ဆိုတော့
သူ့နှင်းဆီပွင့်နှုတ်ခမ်းမှာ
အပြုံးယောင်ယောင်သမ်းလို့
ခေါင်းတွင်တွင်ယမ်း။    ။

“ပင်လယ်မှာ မေ့တမော
လှေမျောနဲ့ ရေမှာပါ။
ချစ်စို့နော် ပျော်စို့လား
နှစ်ပါးကြင်နာ။
ခရီးဆုံးတိုင်သာ
ဟိုမှာဘက်ကမ်း”လို့ဆိုတော့
သူ့နှင်းဆီပွင့်နှုတ်ခမ်းမှာ
အပြုံးလိုလိုသမ်းလို့
ခေါင်းတွင်တွင်ယမ်း။    ။

ချစ်ကဗျာ ကုန်စင်ထပ်လို့
တန့်ရပ် မှိုင်တွေဝေ။

“ချစ်လှည့်ပါ” သည်တစ်လုံးကို
သူ့ပြုံးလွှာ စိတ်မှာတမ်းလို့
ယမ်းယောင်မိပေ။

သူ့စိတ်မှာထွေ၊ အဖြေနှင့်သက်ပြင်း
ထပ်ခါခါ ဘာသာငြင်းတယ်
“ဟင်းအင်း ဟင်းအင်း”တဲ့။      ။

ရင်တွင်းမှာ လှိုင်းလိပ်လို့
တရိပ်ရိပ် ဝေဒနာ
စိုက်ငေး တွေဝေရှုမိ
ချစ်သူ့မျက်နှာ။
သူလဲ ထွေလာ
မူရာလျနွမ်း။
အားအယူ မှားရှူသက်နဲ့
သူ မျက်ရည်လျမ်း။      ။

“မေ့လိုက်တော့ သက်ဝေရယ်” တဲ့
သူတစ်ဖန် ဆိုပြန်ရက်တယ်
စိတ်စက်အပြေ။

“ချစ်ကြိုးကိုဖြေ
မေ့နေမယ်ထင်လား” လို့ မေးတော့
ချုပ်တည်း သူမနိုင်နဲ့
ယိမ်းယိုင် လိုက်အလျောမှာ
မောလှုသနား။           ။

ချစ်သူကို ပိုက်ထွေးလို့
စိတ်အေး ဘ၀င်ဝယ်။

“တွက်မနိုင် ရေမဆုံးတဲ့
ကြယ်ပြုံးကြယ်ပြောင်တို့
ရေရအောင် လှေအလူး
ကူးစို့ပင်လယ်” လို့ဆိုပြန်တော့
ရှက်အားကြွယ်ကြွယ်
ငိုတရယ် ချက်ချင်း။

ကြားပြန်ပါ မူရာငြင်း
“ဟင့်အင်း ဟင့်အင်း”တဲ့။        ။


ကြည်အေး

တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၃၊ ၁၉၄၇